ဇာတ်သိမ်းခန်းကို ရောက်ချင်ပြီ

ဇာတ်သိမ်းခန်းကို ရောက်ချင်ပြီ

ဖြစ်ပျက်နေပုံက
အဆစ်ကျိုးပြီး အစွယ်ချိုးခံထားရတဲ့
အဆိပ်မဲ့ မြွေတကောင်လို
ပလွေသံနဲ့ ခြူသံကြားမှ
ပခြုပ်အိမ် ပြတင်းဝ ပါးပြင်းထောင်ကမယ့်
မြွေအလိမ္မာတွေ ကြနေတာပဲ။    

မကျေနပ်ချင်စရာ ကောင်းရလောက်အောင်
နေတတ်ကြပုံ များကတော့
ခွေလိုက် ဆန့်လိုက် လူးလှိမ့်လိုက်
အချိန်တန်ရင် ထွက်ပြလိုက်နဲ့
ဒုက္ခသံသရာ ရှည်နေတာကို
ခန္တီစရိယာ ကျင့်နေလေရဲ့။    


မာန်သွေးကတော့ ထက်မြပါတယ်
ဟန်ရေးတပြပြ ရှိကြပေမယ့်
အလမ္ပယ် ဆရာရဲ့ မာယာအောက်မှာ
နောက်ကောက်ကျအောင် မျှောပါရင်းနဲ့
ဟာကွက် ပျော့ကွက် အငိုက်တချက်ကို
ကိုယ့်အတွက်ဖြစ်အောင် မစွမ်းနိုင်သရွေ့တော့
ကျုပ်တို့ဌာနီ ရွှေပြည်ကြီးဟာ
ဒီမိုကရေစီ ရမှာ မဟုတ်ဘူး။

အချိန်ကတော့ တန်နေပြီ
အထာမမှန်သေးတာ ခက်လှချည်ရဲ့
အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တောင်
အလောင်းဘေးပိုက်ပြီး ချွေးသိပ်တတ်တဲ့
ဒီပုံ ဒီအချိုး ဒီလိုမျိုးနဲ့
ဒီမိုး ဒီရေ ဒီလူတွေကြောင့်
လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်
ဇာတ်သိမ်းခန်းကို စောင့်ရမလားဟင်။      ။

ရန်နိုင်ထွန်း
လွတ်မြောက်နယ်မြေ ၊ကိုရီးယား

0 comments:

Post a Comment