နှစ်သစ် ခန်းဆီး ဖွင့်လှစ်ခြင်း

နှစ်သစ် ခန်းဆီး ဖွင့်လှစ်ခြင်း

တနှစ်ပြီးတနှစ် ဒီနှစ်သစ်
သက္ကရာဇ်တွေသာ ပြောင်းသွားတယ်
ဘ၀တွေက အကုန်အဟောင်း
အရာရာအားလုံး ဘာမှမပြောင်း။
တနှစ်ပြီးတနှစ် ဒီနှစ်သစ်
ဆုတောင်း အဟောင်းတွေ သစ်ခဲ့တယ်
ကောက်ကြောင်းတွေက ပုံမပြောင်း
အားလုံး အရင်လို နဂို အဟောင်း။
တနှစ်ပြီးတနှစ် ဒီနှစ်သစ်
အဟောင်းတွေ ပြန်သစ်ခဲ့တယ်
အဖြစ်တွေက မြင်မကောင်း
စစ်နွံထဲမှာ နစ်နေကြောင်း။
အဟောင်း အဟောင်း ၊ အကုန်အဟောင်း
မင်းလည်းအဟောင်း ၊ ငါလည်းအဟောင်း

ဇာတ်သိမ်းခန်းကို ရောက်ချင်ပြီ

ဇာတ်သိမ်းခန်းကို ရောက်ချင်ပြီ

ဖြစ်ပျက်နေပုံက
အဆစ်ကျိုးပြီး အစွယ်ချိုးခံထားရတဲ့
အဆိပ်မဲ့ မြွေတကောင်လို
ပလွေသံနဲ့ ခြူသံကြားမှ
ပခြုပ်အိမ် ပြတင်းဝ ပါးပြင်းထောင်ကမယ့်
မြွေအလိမ္မာတွေ ကြနေတာပဲ။    

မကျေနပ်ချင်စရာ ကောင်းရလောက်အောင်
နေတတ်ကြပုံ များကတော့
ခွေလိုက် ဆန့်လိုက် လူးလှိမ့်လိုက်
အချိန်တန်ရင် ထွက်ပြလိုက်နဲ့
ဒုက္ခသံသရာ ရှည်နေတာကို
ခန္တီစရိယာ ကျင့်နေလေရဲ့။    

မြန်မာပြည်မှ နိုဘဲလ်ဆုရှင်

        
မြန်မာပြည်မှ နိုဘဲလ်ဆုရှင်

ရဲစိတ်ရဲမာန် ၊ မျိုးဂုဏ်မှန်၍
စီမံဆောင်ရွက် ၊ ယုံကြည်ချက်နှင့်
ထက်မြက်သည့်ဥာဏ် ၊ ပြည့်တွက်ကျန်အောင်
အမှန်ပြည်ကျိုး ၊ သူသယ်ပိုးသည်
ကိုယ်ကျိုးကိုလည်းစွန့်ခဲ့ပြီ။

မြန်ပြည်လူ့ဘောင် ၊ ပြည်သစ်ထောင်ဖို့
စွမ်းဆောင်ကျိုးပမ်း ၊ ဦးထိပ်ထမ်းကာ
တက်လမ်းသူဖောက် ၊ ရွှေခေတ်ရောက်အောင်
တောက်လျှောက်မနား ၊ သူစွန့်စားသည်
နိုးကြားလုံ့လပြုခဲ့ပြီ။

ဧရာဝတီမြစ်နဒီမှာ သွေးနီတွေရဲပြန်ပြီလေ


ဧရာဝတီမြစ်နဒီမှာ သွေးနီတွေရဲပြန်ပြီလေ

ကြည့်လိုက်စမ်းပါ ဒီချိန်ခါ
ဇေယျာရွှေမြေ မြို့ဦးဗွေကို
မြစ်ရေရစ်ဝိုင်း စီးထွေသိုင်း၍
ရှုတိုင်းယဉ်စွာ လှနေရှာသည့်
ဧရာဝတီ မြစ်နဒီမှာ
ရာသီမကြို တေးမဆိုဘဲ
ရင်ကိုစည်တီး အံကြိတ်ပြီးတော့
ရှိုက်ကြီးငင်ကာ ငိုနေလိုက်တာ … ။

ဒီချိန်ရောက်လျှင် သူ့အသွင်မှာ
မရွှင်မလှ မှိုင်းပျပျနှင့်
စီးကျမျက်ရည် ဘောင်ဘင်ဝေ၍
မြစ်ရေဖားလျား သူပြေးလွှားကာ
အင်အားပြင်းထန် ထက်အောက်လှန်သည့်
တန်ပြန်စစ်ထိုး ဗျူဟာမျိုးဖြင့်
တံပိုးလှိုင်းတွေထတော့မယ် .. ။

တွေးမိ...ရင်မော

                                                     တွေးမိ…ရင်မော
ကြွေ မနိုး ကြက်မခုန်
ပိုးသာကုန် မောင်ပုံမော
ဗေဒါရုံ ရေယဉ်ကြောမှာ
သိုင်းဖွဲ့လို့မျော။

တက်မထိုး ရွက်မလုံ
ခက်ဖွယ်စုံ လေဟုန်နှက်မှ
လှေကြုံရှာ မျှော်တော်ဇောနှင့်
ကံပေါ်သာ ပုံချ ရိုးမယ်
တို့မြန်မာ သာကီမျိုးနွယ်
တွေးမိ ရင်မော။ ။
                                                                  
                                                                                          ရန်နိုင်ထွန်း
                                                                    လွတ်မြောက်နယ်မြေ၊ ကိုရီးယား

                                                                          



                                                                           

                                                                              
                                                                               

စိတ်ထားတတ်ရင် မြတ်တယ်

          စိတ်ထားတတ်ရင်မြတ်တယ်

        “ အား.. ကျွတ်ကျွတ် ကျွတ် နာလိုက်တာ သေပါပြီ…” 
          အသံလာရာဘက်ကို ကျမလှည့်ကြည့်မိတယ်.. ယောဂီဝတ်စုံနဲ့အဖွားအိုတယောက် သူမရဲ့ဝေဒနာ ကို တစုံတယောက်ကြောင့် ထိခိုက်မိတဲ့အတွက် လူကြားထဲမျက်ရည်ဝဲစွာ ခံစားနေရတာ ကျမတွေ့လိုက်ရ တယ်..
          လိုအပ်တဲ့ စာအုပ်စာတမ်းတွေဝယ်ဖို့ မြို့ထဲက စာအုပ်ဆိုင်ကို ထွက်လာရင်း လိုင်းကားကျပ်ကျပ် တစီးပေါ်မှာ ကြုံတွေ့ရတဲ့ မြင်ကွင်းတခုပါ.....လိုင်းကားက မနက်ပိုင်း ရုံးတတ်ချိန်ဖြစ်နေတာမို့ ငါးပိငါးချဉ် သိပ်ထားလေသလား အောက်မေ့ရတယ် အသက်တောင် ခက်ခက်ခဲခဲရှူနေရတဲ့အချိန်မှာ ဒီလိုနာကျည်း စွာခံစားနေရတဲ့ အသံကို လူတိုင်းနီးပါး သတိပြုမိလိုက်ကြတယ်.. ယောဂီဝတ်စုံနဲ့ အဖွားရဲ့ခြေထောက်ကို ကားဘရိတ်အုပ်မှုကြောင့် တစုံတယောက်က တက်နင်းမိလိုက်ပုံရတယ် ကံကောင်းတာ တခုလို့ပဲ ဆိုရလေမလား အခုလိုကားကျပ်နေချိန် မှာ အဖွားနေရာရထားတာပါပဲ.. ဒါမှမဟုတ် တစုံတယောက်က အဖွားအို အတွက် နေရာပေးထားလေသလား. ကျမသတိပြုမိလိုက်တဲ့အချိန်မှာ အဖွားကထိုင်နေရာကနေ မျက်ရည်တွေ တွေတွေစီးကျပြီး ဝေဒနာတရပ်ကို ခံစားနေရပြီလေ.. မြန်မာနိုင်ငံရဲ့ ဘတ်စ်ကားအချို့ ခုံနေရာတွေဆိုတာက ဘေးနှစ်ဘက်မှာ ခုံတန်းရှည်ကြီး ထိုးပေးထားတာပါပဲ..အဲဒီတော့ နေရာရလို့ထိုင်ရ တဲ့သူတွေအတွက် သက်သောင့်သက်သာ မရှိလှပါဘူး အပေါ်ကို အားပြုပြီးကိုင်ထားရသလို  ကားဘရိတ် အုပ်ချိန် လွင့်မသွားအောင် ခြေထောက်ကလည်း ထောက်ထားရပါသေးတယ်... အဖွားရဲ့မျက်နှာချင်း ဆိုင်က မတ်တပ်ရပ်စီးနေတဲ့ ခရီးသွားတယောက် ကားဘရိတ် အုပ်ချိန်မှာ ခြေထောက်တက်နင်းမိ လိုက်ပေမယ့် သူကိုယ်တိုင်ပဲ မသိလေသလား သိရက်နဲ့မသိယောင် ဆောင်လိုက်လေသလား ဆိုတာ  သူကိုယ်တိုင် အသိဆုံးဖြစ်နေမှာပါ....
          “အဖွား ဘယ်နားနာသွားသေးလဲ ” အဖွားနဲ့ဘေး တစောင်းထိုးမှာ ကျမမတ်တပ်ရပ်စီးရင်း ကရုဏာသက်စွာ မေးလိုက်မိတယ်.. “အဖွားခြေထောက်တော်တော် နာသွားပြီ သမီးရယ်.” ပြောလည်းပြော ငိုလည်းငိုနေတဲ့ အဖွားရဲ့ခြေထောက်ကို ငုံ့ကြည့်မိလိုက်တော့ မြင်မကောင်းအောင် ပွန်းပဲ့ပြီး သွေးအရည်ကြည်တွေ စီးကျနေတယ်.. ပြီးတော့ အဖွားရဲ့ခြေထောက်က သာမန်ခြေထောက် တွေနဲ့မတူဘဲ ဖောယောင်ကိုင်းနေတာ သိသာလှတယ်...
            “ ဘယ်ကိုသွားမှာလဲအဖွား ” မေးလည်းမေးရင်း အဖွားရဲ့ဘေးမှာနေရာ တနေရာရတော့ ကျမ  ၀င်ထိုင်လိုက်တယ် ဝေဒနာကြီးနဲ့ အဖော်မပါဘဲ တယောက်တည်းဖြစ်နေတဲ့အဖွားကို ကျမနေရာရတော့ သဒ္ဒါပေါက်တာနဲ့ စာအုပ်ဝယ်ဖို့ စုထားတဲ့ဆီကနေ ငွေတထောင်ကျပ် လှူဒါန်းလိုက်တယ် “ အဖွားအတွက် သမီးလှူတာပါ အဖွားလိုရာသုံးပါ ” အဖွားက ကျမအတွက် ဆုမွန်ကောင်းတွေတောင်းပေးပြီး “ အဖွားမှာ ဆီးချို သွေးချို ရောဂါရှိတယ်သမီးရယ် အခု အနာထပ်ရတော့ ဘယ်တော့မှ ပျောက်တော့မှာမဟုတ်ဘူး ”  ပြောရင်း ငိုနေတဲ့အဖွားကို သေချာကြည့်မိလိုက်တော့ အဖွားရဲ့ခန္ဓာကိုယ်တခုလုံးဟာ ရောဂါကြောင့် ဖောယောင်နေတဲ့အပြင် လက်တွေမှာလည်း ဒဏ်ရာဗလပွနဲ့ နာခြင်းဆိုတဲ့ ဒုက္ခဆိုးကို ကျိတ်မှိတ်ခံစားနေရတာ ပင်ပန်းလွန်းနေပါတယ်.. အဖွားသွားရမယ့်ခရီးကို ကျမလိုက်ပို့ပေးခဲ့ချင်ပေမယ့် ဘ၀ကပေးလာတဲ့ တာဝန်တွေ ထမ်းဆောင်ရဦးမယ့်ကျမအတွက် စိတ်ကနေသာ ကူညီစောင်မ ပေးခဲ့မိတယ် “ အဖွားတယောက် ဘေးမသီ ရန်မခဘဲ လိုရာခရီး ချောမောစွာသွားနိုင်ပါစေ ”  အဖွားကားပေါ်ကဆင်းသွားတာကိုကြည့်ရင်း ကျမစိတ်ရင်းနဲ့ လှူဒါန်းမိခဲ့တဲ့အလှူအတွက် ကြည်နူးပီတိ ဖြစ်ခဲ့ရပါတယ်…....
           သူတပါး ဒုက္ခရောက်တာတွေ့ရင် မျက်နှာမလွှဲ ကူညီပေးတတ်တာ ကျမရဲ့ စိတ်ရင်း စေတနာတရပ်ပါ ငွေကြေးတတ်နိုင်တဲ့ သူဌေး၊ သူကြွယ် စီးပွားရေးအသိုင်းအ၀ိုင်းက မဟုတ်ပေမယ့် ရှိတာလေးကို ပေးဝေလှူဒါန်း ရတာ ကျမရဲ့ဗီဇတခုလို့ ဆိုလေမလား…...
            
             ဒီနေ့နေ့လည် သင်တန်းချိန်ရှိသေးတာမို့ မနက်ပိုင်း ဂိုက်ပြအပြီး သင်တန်းချိန်အမှီ ကတိုက်ကရိုက် အိမ်ကထွက်လာခဲ့ရတယ်.. မြန်မာနိုင်ငံရဲ့ နွေရာသီနေ့လည်ခင်းက ပြောပြစရာ မလိုလောက်အောင် ပူပြင်းလွန်း လှပါတယ်.. သင်တန်းချိန်မှီအောင် ကသုတ်ကရုတ် ထွက်လာခဲ့ရတာမို့ ဘေးဘီဝဲယာကို သတိမမူမိဘဲ ကိုယ့်အတွေးနဲ့ကိုယ် ဇောချွေးပြန်ပြီး ဘားလမ်းရဲ့ ဂုံးကျော်တံတားကြီးကို ဖြတ်လျှောက်နေချိန်..

မနုဿ ဓမ္မ လင်္ကာရ


မနုဿ ဓမ္မ လင်္ကာရ


သူတည်းတယောက် ၊ ကောင်းဖို့ရောက်မူ
သူတယောက်မှာ ၊ ပျက်လင့်ကသာ
ဓမ္မတာဟု ၊ မဖြစ်စေနှင့်။

သူတည်းတယောက် ၊ ကောင်းဖို့ရောက်မူ
တပါးသူမှာ ၊ လှပါစေသား
စိတ်ဝယ်ထား၍ ၊ တပါးပြုံးပျော်
ငါလည်းပျော်ဟု ၊ ညီသောဓမ္မာ
သိပညာနှင့် ၊ ကြင်နာသနား
မေတ္တာပွားကာ ၊ ထောက်ထားညှာတာ
ကျင့်ကြံရာ၏။

နေမင်းတထောင် ၊ လတထောင်သို့
ဘုန်းရောင်ရှိန်ဝင်း ၊ ထိန်ထိန်လင်းလည်း
မယွင်းဘယ်ခါ ၊ ရှိပါလေစ။
 
သက်ဦးဆံပိုင် ၊ စေကိုနိုင်သည့်
မြဲခိုင်အာဏာ ၊ မင်းရာဇာလည်း
ပမာမြစ်ချောင်း ၊ ကျိုးပဲ့ပြောင်းသို့
နွမ်းဟောင်းကြွေကာ ၊ ပျက်ပျယ်ရာ၏။
 
မြေပေါ်မြေအောက် ၊ ရတနာမောက်၍
ဂုဏ်တောက်လျှမ်းမော် ၊ ရှိပါသော်လည်း
အကျော်ဇေယျ ၊ တဒင်္ဂတာ
သင်္ခါရမှာ ၊ ရှိနေပါ၏။

ကြုံဆုံလာရ ၊ လူ့ဘ၀သည်
မိုးစပြင်ထက် ၊ တချက်လက်သည့်
လျှပ်ခက်ပမာ ၊ ခဏတာမို့
ကောင်းရာကောင်းကျိုး ၊ ကောင်းဝေဖြိုးအောင်
ကောင်းကျိုးကိုယ်၌တည်စေမင်း။           

ရန်နိုင်ထွန်း
လွတ်မြောက်နယ်မြေ ၊ ကိုရီးယား