ဧရာဝတီမြစ်နဒီမှာ သွေးနီတွေရဲပြန်ပြီလေ


ဧရာဝတီမြစ်နဒီမှာ သွေးနီတွေရဲပြန်ပြီလေ

ကြည့်လိုက်စမ်းပါ ဒီချိန်ခါ
ဇေယျာရွှေမြေ မြို့ဦးဗွေကို
မြစ်ရေရစ်ဝိုင်း စီးထွေသိုင်း၍
ရှုတိုင်းယဉ်စွာ လှနေရှာသည့်
ဧရာဝတီ မြစ်နဒီမှာ
ရာသီမကြို တေးမဆိုဘဲ
ရင်ကိုစည်တီး အံကြိတ်ပြီးတော့
ရှိုက်ကြီးငင်ကာ ငိုနေလိုက်တာ … ။

ဒီချိန်ရောက်လျှင် သူ့အသွင်မှာ
မရွှင်မလှ မှိုင်းပျပျနှင့်
စီးကျမျက်ရည် ဘောင်ဘင်ဝေ၍
မြစ်ရေဖားလျား သူပြေးလွှားကာ
အင်အားပြင်းထန် ထက်အောက်လှန်သည့်
တန်ပြန်စစ်ထိုး ဗျူဟာမျိုးဖြင့်
တံပိုးလှိုင်းတွေထတော့မယ် .. ။


ဒီချိန်ရောက်လျှင် သူ့ရေပြင်မှာ
သွေးနီအဆင်း အပုတ်နံ့သင်းလို့
မြစ်တွင်းပေါလော ဒိုက်ပုံမျောကို
မြင်သောထင်မှား အလောင်းများနှယ်
အကြားအာရုံ အဖုံဖုံမှာ
ရင်ခုန်နှုန်းမြန် ကြွေးကြော်သံနှင့်
ငိုသံညည်းသံ သေနတ်သံတို့
ဆူညံပွက်လော ဒီတကြောဝယ်
သောသောညံအောင် ကြားတော့မယ် .. ။

အို ………
ဧရာဝတီ မြစ်နဒီရယ်
ဇာနည်မျိုးဆက် ကြွေကာပျက်သည့်
ကိုးရက် ရှစ်လ ရှစ်ဆယ့်ရှစ်က
စစ်ကိုင်းတခွင် မြို့ရင်ပြင်၌
အမြင်မလှ ရင်နင့်ရအောင်
ဆိုးစွသမိုင်း ကြမ္မာရိုင်းကို
ပုံနှိုင်းတလီ သက်သေတည်၍
ရာသီဓလေ့ ဘယ်လိုရွေ့လည်း
မမေ့နိုင်ကြောင်း ရှေးဖြစ်ဟောင်းကို
ပြန်အောင်းမေ့ကာ ပူဆွေးရှာသည်
ဧရာဝတီ မြစ်နဒီမှာ
သွေးနီတွေရဲပြန်ပြီလေ ……… ။

( ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံအတွင်း သြဂုတ်လ ၉ ရက်နေ့က စစ်ကိုင်းမြို့တွင် ကျဆုံးခဲ့သည့် အာဇာနည် ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းအား ဤကဗျာဖြင့် ဂုဏ်ပြုဦးညွှတ်အပ်ပါသည်။ )

ရန်နိုင်ထွန်း
လွတ်မြောက်နယ်မြေ ၊ ကိုရီးယား

0 comments:

Post a Comment