စိတ်ထားတတ်ရင်မြတ်တယ်
“ အား.. ကျွတ်ကျွတ် ကျွတ် နာလိုက်တာ သေပါပြီ…”
အသံလာရာဘက်ကို ကျမလှည့်ကြည့်မိတယ်.. ယောဂီဝတ်စုံနဲ့အဖွားအိုတယောက် သူမရဲ့ဝေဒနာ ကို တစုံတယောက်ကြောင့် ထိခိုက်မိတဲ့အတွက် လူကြားထဲမျက်ရည်ဝဲစွာ ခံစားနေရတာ ကျမတွေ့လိုက်ရ တယ်..
လိုအပ်တဲ့ စာအုပ်စာတမ်းတွေဝယ်ဖို့ မြို့ထဲက စာအုပ်ဆိုင်ကို ထွက်လာရင်း လိုင်းကားကျပ်ကျပ် တစီးပေါ်မှာ ကြုံတွေ့ရတဲ့ မြင်ကွင်းတခုပါ.....လိုင်းကားက မနက်ပိုင်း ရုံးတတ်ချိန်ဖြစ်နေတာမို့ ငါးပိငါးချဉ် သိပ်ထားလေသလား အောက်မေ့ရတယ် အသက်တောင် ခက်ခက်ခဲခဲရှူနေရတဲ့အချိန်မှာ ဒီလိုနာကျည်း စွာခံစားနေရတဲ့ အသံကို လူတိုင်းနီးပါး သတိပြုမိလိုက်ကြတယ်.. ယောဂီဝတ်စုံနဲ့ အဖွားရဲ့ခြေထောက်ကို ကားဘရိတ်အုပ်မှုကြောင့် တစုံတယောက်က တက်နင်းမိလိုက်ပုံရတယ် ကံကောင်းတာ တခုလို့ပဲ ဆိုရလေမလား အခုလိုကားကျပ်နေချိန် မှာ အဖွားနေရာရထားတာပါပဲ.. ဒါမှမဟုတ် တစုံတယောက်က အဖွားအို အတွက် နေရာပေးထားလေသလား. ကျမသတိပြုမိလိုက်တဲ့အချိန်မှာ အဖွားကထိုင်နေရာကနေ မျက်ရည်တွေ တွေတွေစီးကျပြီး ဝေဒနာတရပ်ကို ခံစားနေရပြီလေ.. မြန်မာနိုင်ငံရဲ့ ဘတ်စ်ကားအချို့ ခုံနေရာတွေဆိုတာက ဘေးနှစ်ဘက်မှာ ခုံတန်းရှည်ကြီး ထိုးပေးထားတာပါပဲ..အဲဒီတော့ နေရာရလို့ထိုင်ရ တဲ့သူတွေအတွက် သက်သောင့်သက်သာ မရှိလှပါဘူး အပေါ်ကို အားပြုပြီးကိုင်ထားရသလို ကားဘရိတ် အုပ်ချိန် လွင့်မသွားအောင် ခြေထောက်ကလည်း ထောက်ထားရပါသေးတယ်... အဖွားရဲ့မျက်နှာချင်း ဆိုင်က မတ်တပ်ရပ်စီးနေတဲ့ ခရီးသွားတယောက် ကားဘရိတ် အုပ်ချိန်မှာ ခြေထောက်တက်နင်းမိ လိုက်ပေမယ့် သူကိုယ်တိုင်ပဲ မသိလေသလား သိရက်နဲ့မသိယောင် ဆောင်လိုက်လေသလား ဆိုတာ သူကိုယ်တိုင် အသိဆုံးဖြစ်နေမှာပါ....
“အဖွား ဘယ်နားနာသွားသေးလဲ ” အဖွားနဲ့ဘေး တစောင်းထိုးမှာ ကျမမတ်တပ်ရပ်စီးရင်း ကရုဏာသက်စွာ မေးလိုက်မိတယ်.. “အဖွားခြေထောက်တော်တော် နာသွားပြီ သမီးရယ်.” ပြောလည်းပြော ငိုလည်းငိုနေတဲ့ အဖွားရဲ့ခြေထောက်ကို ငုံ့ကြည့်မိလိုက်တော့ မြင်မကောင်းအောင် ပွန်းပဲ့ပြီး သွေးအရည်ကြည်တွေ စီးကျနေတယ်.. ပြီးတော့ အဖွားရဲ့ခြေထောက်က သာမန်ခြေထောက် တွေနဲ့မတူဘဲ ဖောယောင်ကိုင်းနေတာ သိသာလှတယ်...
“ ဘယ်ကိုသွားမှာလဲအဖွား ” မေးလည်းမေးရင်း အဖွားရဲ့ဘေးမှာနေရာ တနေရာရတော့ ကျမ ၀င်ထိုင်လိုက်တယ် ဝေဒနာကြီးနဲ့ အဖော်မပါဘဲ တယောက်တည်းဖြစ်နေတဲ့အဖွားကို ကျမနေရာရတော့ သဒ္ဒါပေါက်တာနဲ့ စာအုပ်ဝယ်ဖို့ စုထားတဲ့ဆီကနေ ငွေတထောင်ကျပ် လှူဒါန်းလိုက်တယ် “ အဖွားအတွက် သမီးလှူတာပါ အဖွားလိုရာသုံးပါ ” အဖွားက ကျမအတွက် ဆုမွန်ကောင်းတွေတောင်းပေးပြီး “ အဖွားမှာ ဆီးချို သွေးချို ရောဂါရှိတယ်သမီးရယ် အခု အနာထပ်ရတော့ ဘယ်တော့မှ ပျောက်တော့မှာမဟုတ်ဘူး ” ပြောရင်း ငိုနေတဲ့အဖွားကို သေချာကြည့်မိလိုက်တော့ အဖွားရဲ့ခန္ဓာကိုယ်တခုလုံးဟာ ရောဂါကြောင့် ဖောယောင်နေတဲ့အပြင် လက်တွေမှာလည်း ဒဏ်ရာဗလပွနဲ့ နာခြင်းဆိုတဲ့ ဒုက္ခဆိုးကို ကျိတ်မှိတ်ခံစားနေရတာ ပင်ပန်းလွန်းနေပါတယ်.. အဖွားသွားရမယ့်ခရီးကို ကျမလိုက်ပို့ပေးခဲ့ချင်ပေမယ့် ဘ၀ကပေးလာတဲ့ တာဝန်တွေ ထမ်းဆောင်ရဦးမယ့်ကျမအတွက် စိတ်ကနေသာ ကူညီစောင်မ ပေးခဲ့မိတယ် “ အဖွားတယောက် ဘေးမသီ ရန်မခဘဲ လိုရာခရီး ချောမောစွာသွားနိုင်ပါစေ ” အဖွားကားပေါ်ကဆင်းသွားတာကိုကြည့်ရင်း ကျမစိတ်ရင်းနဲ့ လှူဒါန်းမိခဲ့တဲ့အလှူအတွက် ကြည်နူးပီတိ ဖြစ်ခဲ့ရပါတယ်…....
သူတပါး ဒုက္ခရောက်တာတွေ့ရင် မျက်နှာမလွှဲ ကူညီပေးတတ်တာ ကျမရဲ့ စိတ်ရင်း စေတနာတရပ်ပါ ငွေကြေးတတ်နိုင်တဲ့ သူဌေး၊ သူကြွယ် စီးပွားရေးအသိုင်းအ၀ိုင်းက မဟုတ်ပေမယ့် ရှိတာလေးကို ပေးဝေလှူဒါန်း ရတာ ကျမရဲ့ဗီဇတခုလို့ ဆိုလေမလား…...
ဒီနေ့နေ့လည် သင်တန်းချိန်ရှိသေးတာမို့ မနက်ပိုင်း ဂိုက်ပြအပြီး သင်တန်းချိန်အမှီ ကတိုက်ကရိုက် အိမ်ကထွက်လာခဲ့ရတယ်.. မြန်မာနိုင်ငံရဲ့ နွေရာသီနေ့လည်ခင်းက ပြောပြစရာ မလိုလောက်အောင် ပူပြင်းလွန်း လှပါတယ်.. သင်တန်းချိန်မှီအောင် ကသုတ်ကရုတ် ထွက်လာခဲ့ရတာမို့ ဘေးဘီဝဲယာကို သတိမမူမိဘဲ ကိုယ့်အတွေးနဲ့ကိုယ် ဇောချွေးပြန်ပြီး ဘားလမ်းရဲ့ ဂုံးကျော်တံတားကြီးကို ဖြတ်လျှောက်နေချိန်..